ကာလသားရောဂါကို ကုဖို့ လွယ်သလား
ဆစ်ဖလစ် (Syphilis) လို့ခေါ်တဲ့ ကာလသားရောဂါဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ သန္ဓေသားလောင်းထံသို့ ကူးစက်နိုင်ပါတယ်။ ကူးစက်မှုမြန်ပေမယ့် စောစောသိရင် အလွယ်တကူ ကုသနိုင်ပြီး ပျောက်ဖို့လည်း လွယ်ကူပါတယ်။
ကာလသားရောဂါကို အဆင့် (၃) ဆင့်ခွဲခြားထားပါတယ်။ ဒီအဆင့်တွေကတော့
အဆင့် (၁) - လိင်တံ၊ မိန်းမကိုယ်၊ စအို၊ နှုတ်ခမ်း၊ ပါးစပ်ထဲမှာ တစ်ခုတည်း ဒါမှမဟုတ် စုဝေးပြီးပေါက်နေတဲ့ အနာတွေကို တွေ့ရနိုင်ပါတယ်။ ဒီအနာတွေဟာ လုံးဝိုင်းပြီး အနည်းငယ်မာကျောကာ နာကျင်မှုမရှိဘဲ (၃) ပတ်ကနေ (၆) ပတ်အထိ ကြာနိုင်ပါတယ်။
အဆင့် (၂) - ပါးစပ်၊ မိန်းမကိုယ်၊ စအိုဝမှာ အရေပြားအင်ပြင်ကွက်တွေကို တွေ့ရမှာဖြစ်ပြီး ပထမဆုံးပေါက်ခဲ့တဲ့အနာတွေ ပျောက်တဲ့အချိန် ဒါမှမဟုတ် ပျောက်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း တွေ့ရနိုင်ပါတယ်။ တခြားလက္ခဏာတွေအနေနဲ့ အဖျားတက်တာ၊ ပြန်ရည်ကြောရောင်တာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ၊ ဝိတ်ကျတာတွေကို ခံစားရနိုင်ပါတယ်။
အဆင့် (၃) - ဒီအဆင့်မှာတော့ နှလုံး၊ သွေးကြော၊ ဦးနှောက်နဲ့ အာရုံကြောစနစ် အစရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရောဂါပိုးက ထိခိုက်ပျက်စီးစေပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။
ကာလသားရောဂါရှိမရှိ သိနိုင်ဖို့ လိင်ဆက်ဆံပြီး (၃) လပြည့်တဲ့နေ့မှာ သွေးစစ်ကြည့်နိုင်ပါတယ်။ သွေးစစ်ချက်အဖြေမှာ ကာလသားရောဂါပိုးရှိတယ်လို့ အဖြေထွက်ရင်တော့ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးထိုးပေးရုံနဲ့ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်ပါတယ်။
အချိန်တွေကြာပြီး ရောဂါအဆင့်တွေ တက်သွားတဲ့တိုင်အောင် ရောဂါပျောက်ကင်းအောင် ကုသနိုင်ခြေ အခွင့်အလမ်းက ရှိနေဦးမှာဖြစ်ပေမယ့် ကာလသားရောဂါပိုးကြောင့် ယခင်ထိခိုက်ပျက်စီးထားတဲ့ဒဏ်တွေကိုတော့ ပြန်လည်ကုစားလို့ရနိုင်မှာမဟုတ်တာကိုသိထားဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကာလသားရောဂါအပြင် တခြားလိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေ မကူးစက်စေဖို့ လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပြီး မလွှဲမရှောင်သာ ပြုမူမိဖို့အကြောင်းဖန်လာခဲ့ရင်လည်း အမြဲတမ်း ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံဖို့ မှာချင်ပါတယ်။
ရဲမျိုးမြတ်